ပန်းအလှ

ပန်းအလှ

Wednesday, August 11, 2010

သရုပ်ဆောင် ၀တ်မှုန်ရွှေရည်နှင့် တွေ့ဆုံခြင်း၊

ယခုတစ်ပတ် အင်တာဗျူး ကဏ္ဍအတွက် ဖော်ပြပေးမယ့်သူက ၀တ်မှုန်ဆိုတဲ့ ပန်းလေးတစ်ပွင့်ပါ။ ကြော်ငြာဘုရင်မလေးရယ်လို့ ပြောစမှတ်ပြုလို့ရအောင်ကို ကြော်ငြာတွေ အများအပြားမှာ ချစ်စဖွယ် သရုပ်ဆောင်ဟန်ကလေးနဲ့ တွေ့မြင်နေရပါတယ်။ သရုပ်ဆောင်အဖြစ်လည်း 'ဘာဘီရုပ်ကလေး'ကနေ အခုနောက်ဆုံးထွက်ထားတဲ့ 'ဖေချစ်'၊ 'ပေါင် ၂၀၀ ကိုယ့်ချစ်သူ' ဇာတ်ကားတွေအထိ တစ်ကားချင်းကို အနုပညာအစွမ်းတွေ ပြသနိုင်ခဲ့သူပါ။ ဒီလို ပရိသတ်ချစ်တဲ့ပန်းကလေး (ဒါမှမဟုတ်) သရုပ်ဆောင်မော်ဒယ်လ် ၀တ်မှုန်ရွှေရည်ရဲ့ လတ်တလော အနုပညာအရေးတွေကတော့ . . .


မေး- အခုရိုက်နေတဲ့ ကားအကြောင်းလေးက စပြီးပြောပြပေးပါလား။


ဖြေ- အခုရိုက်နေတာက "၀တ်မှုန်ဝိုင်၏အပြင်းစားရသ" ဗီဒီယိုဇာတ်ကားလေးပါ။ အဲဒီကားလေးမှာ ကစ်က အရမ်းဆိုးတဲ့ ကောင်မလေးတစ်ယောက် အဖြစ် သရုပ်ဆောင်ရပါတယ်။ ဒီကားအတွက် ကစ်ကစ် အ၀တ်အစားပိုင်းရော ဆံပင်၊ မိတ်ကပ်တို့ကအစပါ ပုံစံပြောင်းထားပါတယ်။ ဒါရိုက်တာ ကိုမိုးဦး (ကျော်ဇောလင်း) ပါ။ ကစ်ကစ်ရယ်၊ ကိုပြေတီဦးရယ်ပါ။


မေး- ဖေချစ် ဇာတ်ကားလေးမှာရော ပေါင် ၂၀၀ ကိုယ့်ချစ်သူ ဇာတ်ကားလေးမှာပါ ပရိသတ်က ကြိုက်ကြတယ်နော်။ ကားရိုက်တုန်းက အတွေ့အကြုံလေးတွေလည်း ပြောပြပါဦး။


ဖြေ- ဖေချစ် ဇာတ်ကားလေးက မရိုက်ခင်ကတည်းကကို ဇာတ်လမ်းလေးကို ကြိုက်တယ်ပေါ့နော်။ ဒါကြောင့် တကယ့်ကို သားအဖ စိတ်ဓာတ်မျိုးသွင်းပြီး သရုပ်ဆောင်ခဲ့တာပါ။ တချို့အပိုင်းလေးတွေမှာ အန်ကယ်လေး (ကိုလူမင်း)က လည်းပြောပြသလို ဒါရိုက်တာကလည်း အများကြီး သင်ကြားပြသပေးပါ တယ်။ ဒါကြောင့် အခက်အခဲတော့ အများကြီးမတွေ့ခဲ့ရပါဘူး။ အခုဇာတ်ကား ထွက်လာတော့ ပရိသတ်တွေကြိုက်တယ် ဆိုတဲ့အတွက် အရမ်းပျော်ရပါတယ်။ ပေါင် ၂၀၀ ကိုယ့်ချစ်သူ ဇာတ်ကားကတော့ ကိုရီးယားကားလေးကို မြန်မာပုံစံလေးနဲ့ ပြန်ဖန်တီးထားတာပေါ့နော်။ အဲဒီမှာလည်း မကြည်ဖြူပြောပြတဲ့ ပုံစံအတိုင်းကိုပဲ ကစ်ကစ်ဘက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး သရုပ် ဆောင်ထားတာပါ။


မေး- ကားရိုက်တွေ ဆက်တိုက်ဖြစ်နေပြီ ဆိုတော့ ဇာတ်ရုပ်ပိုင်း ဇာတ်လမ်းပိုင်းတွေကို ဘယ်လိုရွေးချယ်ဖြစ်လဲ။


ဖြေ- အဓိကတော့ ကစ်ကစ်ကို လာပြောတဲ့ထဲကမှ ကစ်ကစ် တကယ်လုပ်နိုင်တဲ့ ဟာကိုပဲရွေးတယ်။ ပြီးတော့ သရုပ်ဆောင်တဲ့အခါမှာလည်း အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ပါတယ်။ ဘယ်ဇာတ်ရုပ်ကိုမှ လုပ်ချင်တယ် ဆိုတာမျိုးတော့ မသတ်မှတ်ထားပါဘူး။


မေး- ပထမဆုံးစထွက်လာတဲ့ 'ဘာဘီရုပ်ကလေး' ကနေအခုထိ ထွက်သမျှကားတိုင်းကို ပရိသတ်လက်ခံတယ်ဆိုတော့ နောက်ပိုင်းရိုက်ရမယ့် ကားတွေမှာ ပိုပြီးတာဝန်ကြီးမလား။


ဖြေ- ဟုတ် တာဝန်ကြီးပါတယ်။ ကစ်ကစ်ဘက်ကတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် လုပ်မှာပါပဲ။ ဇာတ်ကားတွေကိုလည်း ကစ်ကစ် တကယ်လုပ်နိုင်တာလောက်ကိုပဲ ရွေးချယ် ရိုက်ကူးသွားမှာပါ။ အခုလို ကစ်ကစ်ရဲ့ ဇာတ်ကားလေးတွေကို လက်ခံအားပေးတယ် ဆိုတဲ့အတွက်လည်း အရမ်းပဲပျော်ပါတယ်။


မေး- သရုပ်ဆောင်တစ်ယောက် အဖြစ် အတိုင်းအတာတစ်ခုထိ ဖြတ်သန်း ခဲ့ပြီဆိုတော့ ယုံကြည်မှုရောရှိနေပြီလား။


ဖြေ- ကစ်ကစ် ဇာတ်ကားတွေ လက်ခံရိုက်ကူးမယ်ဆိုကတည်း ကလည်း ရိုက်ကူးဖို့အတွက် ယုံကြည်ချက်ရှိလာမှ လက်ခံ ဖြစ်တာပါ။ တကယ်တမ်း ရိုက်ဖြစ်တဲ့အချိန်မှာတော့ ကြောက်စိတ်ဝင်မိတာမျိုး လေးတွေတော့ ရှိပါတယ်။ အခု ကားရိုက်တာတွေလည်း နည်းနည်းများနေပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တော့ ပိုရှိလာပြီလို့ဆို လို့ရပါတယ်။ အဲဒါ ကလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းတရားနဲ့ အားပေးမှုတွေကြောင့်ပါပဲ။


မေး- ကြော်ငြာတွေလည်း အရမ်းရိုက်ရတယ်နော်။ ကြော်ငြာက ကိုယ့်အတွက် ဘယ်လောက် အရေးကြီးတယ်လို့ ထင်လဲ။


ဖြေ- ကြော်ငြာဆိုတာက တီဗီကနေ လွှင့်တာဆိုတော့ တစ်ပြည်လုံးကို ပျံ့နှံ့သွားနိုင်တဲ့အတွက် အရေးပါပါ တယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ကုန်ပစ္စည်းကို မှတ်မိသွားအောင် ကြော်ငြာရတာ ဖြစ်တာကြောင့် လွယ်တော့မလွယ်ပါဘူး။ ကုန်ပစ္စည်းနဲ့လိုက်တဲ့ ၀တ်စားဆင်ယင်မှုမျိုး၊ အပြင်အဆင်မျိုးဖြစ်အောင် သတိထားရပါတယ်။


မေး- အချိန်တိုအတွင်းမှာ နေရာတစ်ခုရလာတဲ့ အပေါ်ရော ကျေနပ်လား။


ဖြေ- ဟုတ် ပရိသတ်က ချစ်လို့ပေးထားတဲ့ နေရာလေးတစ်နေရာကို ကစ်ကစ်ကျေနပ်ပါတယ်။ အဲဒီလိုဖြစ်လာအောင် ကစ်ကစ်ဘက်က ကြိုးစားအားထုတ်မှု၊ ကံ၊ ဥာဏ်၊ ၀ိရိယ အားလုံးပေါင်းဆုံမှသာ ဖြစ်နိုင်တာပါ။ အခုပေးထားတဲ့နေရာကနေပြီး ဒီထက်ပိုကောင်းတဲ့ အနုပညာဖန်တီးမှု တွေအတွက် အကောင်းဆုံးကြိုးစား သွားမှာပါ။


မေး- ထိုင်းမှာ ကြော်ငြာသွားရိုက်ဖို့ ရှိတယ်ဆို။


ဖြေ- ဟုတ်ကဲ့။ အောင်ရဲလင်းနဲ့ အတူတူသွားရိုက်ဖို့ ပြောထားပါတယ်။ ထိုင်းဒါရိုက်တာနဲ့ပါ။ နို့နဲ့နို့ထွက် ပစ္စည်းတစ်ခုခု ဖြစ်လိမ့်မယ်ထင်တယ်။ ရက် ၂၀ ကျော်မှာသွားဖြစ်မှာပါ။ အဲဒီရက်ပိုင်းကလေးက ကြော်ငြာရိုက် ပြီးရင် အချိန်နည်းနည်းရတယ်ဆိုတော့ ကစ်ကစ်ရှော့ပင်းလည်း လုပ်ဖြစ်ပါမယ်။ ကြော်ငြာအတွက် ၀တ်စုံကတော့ စီစဉ်နေတုန်းပါပဲ။


မေး- ရုပ်ရှင်ကားကြီးရော ထပ်ရိုက်ဖို့ရှိမလား။ ခေါင်းဆောင် မင်းသမီးအဖြစ် ရိုက်ဖို့ ကမ်းလှမ်း ထားတယ်ဆို။


ဖြေ- ရုပ်ရှင်ကားကြီးရိုက်ဖို့ ကမ်းလှမ်းထားတာတွေ ရှိပေမယ့် အချိန်နည်းနည်း လိုသေးတာကြောင့် နီးတော့ အသိပေးမှာပါ။


မေး- အောင်မြင်ကျော်ကြားသူ(celebrity) တစ်ယောက် ကြုံတွေ့ရတဲ့ ကောင်းခြင်း ဆိုးခြင်းတွေကိုရော ခံနိုင်ရည်ရှိလာပြီလား။


ဖြေ- အရင်တုန်းကတော့ ကိုယ့်ကိုမဟုတ်ဘဲနဲ့ပြောတာဆိုရင် ကောလာဟလ ထွက်တာမပြောနဲ့၊ သူငယ်ချင်း ချင်းပြောရင်တောင် စိတ်ဆိုးဒေါသထွက်တယ်။ အခုကတော့ အဲဒီအကြောင်းအရာတွေကို ခေါင်းထဲမှာလုံးဝမထည့် ထားတော့ဘူး။ အဲဒီလိုမဟုတ်တဲ့ အကြောင်းတွေ စဉ်းစားနေမယ့်အစား ဇာတ်ကားကြည့်တာမျိုး၊ ရိုက်ရမယ့်ကားအတွက် ဇာတ်ကိုကြိုဖတ်တာမျိုးတွေ လုပ်ဖြစ်ပါတယ်။ လူသိများတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် တော့ အပြင်သွားရလာရတာ မလွတ်လပ်တာမျိုး၊ ၀ိုင်းကြည့်ခံရတာမျိုးလောက်ပဲ ရှိပါတယ်။


မေး-အနုပညာဆိုတာကိုရော ဘယ်လိုနားလည် လက်ခံထားလဲ။


ဖြေ- အနုပညာဆိုတာက အရမ်းကို နူးညံ့ပြီးစိတ်ရှည်သည်းခံနိုင်စွမ်း ရှိရမယ့်အရာပါ။ တော်ရုံဝါသနာပါရုံနဲ့တော့ ဖြစ်မယ်မထင်ဘူး။ အရာအားလုံးကို သည်းခံပြီးဇွဲရှိရှိနဲ့ ကြိုးစားဖို့တော့ လိုအပ်မယ်လို့ ထင်ပါတယ်။

No comments:

Post a Comment