ပန်းအလှ

ပန်းအလှ

Monday, August 30, 2010

လူငယ်များတွင်ပါ ဖြစ်ပွားတတ်လာသည့် သတိပြုရမည့်သွေးတိုးရောဂါ

သွေးတိုးခြင်းဟူသည့် ခန္ဓာကိုယ်တွင်း ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် ရောဂါခံစားချက်တစ်ခုအား ယခုနှစ်ပိုင်းများတွင် လူကြီးများတွင်သာမက လူငယ်များ၏ ပါးစပ်ဖျားတွင်လည်း မကြာခဏ ပြောပြောနေကြသည်ကို တွေ့လာရသည်။ သွေးတိုးခြင်းသည် ယခင်က လူကြီးများတွင်သာ ဖြစ်လေ့ရှိသည့် ရောဂါတစ်ခုဖြစ်သော်လည်း ယနေ့ခေတ်လူနေမှုပုံစံများကြောင့် ယခင်က ဖြစ်လေ့မရှိသည့် လူငယ်များတွင်ပါ အဆိုပါရောဂါ ခံစားလာကြရသည်။ ကလေးငယ်များတွင်လည်း ငယ်စဉ်ကပင် မသင့်သောအစားအစာများ စားသုံးခြင်း၊ တတ်နိုင်သည့် မိသားစုများက မိမိတို့၏ ကလေးများအား အလိုလိုက်၍ အများအပြားစားစေခြင်းကြောင့် ကလေးငယ်များသည် ငယ်စဉ်ကပင် အဆီဓာတ်များ ရှိနေလေ့ရှိကြပြီး အ၀လွန်နေလေ့ရှိကြသည်။ ထို့အပြင် ကလေးများတွင် ကျောင်းစာအတွက်ရော ပြင်ပ ဗဟုသုတများအတွက် ကျူရှင်များ တစ်ခုပြီးတစ်ခု တက်ရခြင်း၊ သင်တန်းများ တစ်ခုပြီးတစ်ခု တက်နေရခြင်းကြောင့် ကိုယ်လက်လှုပ်ရှားချိန် နည်းပါးလာခြင်း စသည့် အချက်အလက်များသည်လည်း ငယ်ရွယ်သူများအတွက် သွေးတိုးစေခြင်း၏ အကြောင်းအချက်များတွင် ပါဝင်ကြောင်းသိရသည်။ “လိုက်ဖ်စတိုင်တွေကြောင့် လူငယ်တွေပါ သွေးတိုးတတ်လာတယ်၊ ပိုက်ဆံတတ်နိုင်သူတွေက ကလေးတွေကို များများကျွေးတော့ ငယ်ငယ်ကတည်းက ၀လာမယ်၊ အစားအစာတွေကလည်း အခုခေတ်မှာ အစုံရှိတယ်လေ၊ တီဗီတွေကလည်း ကြော်ငြာတော့ ကျန်းမာရေးနဲ့ မသင့်တာတွေ စားကြတယ်” ဟု Keen Cie Health Care Service မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာကျော်မင်းက ပြောသည်။ “ငယ်ငယ်ကတည်းက ကျန်းမာရေးနဲ့ မသင့်တာတွေစားတော့ ငယ်ငယ်ကတည်းက အဆီဓာတ် တွေများပြီး ၀လာတယ်။ ပြီးတော့ ကလေးတွေမှာ ကျူရှင်တွေ တစ်ခုပြီးတစ်ခုတက်ရတော့ စိတ်ဖိစီးမှု ပိုများလာတယ်။ အချင်းချင်း ဆော့ကစားရတဲ့အချိန်နည်းတော့ ကိုယ်လက်လှုပ်ရှားဖို့ အချိန်လည်း နည်းလာကြတယ်” ဟု ဒေါက်တာကျော်မင်းက ဆက်လက်ပြောကြားသည်။ သွေးတိုးခြင်းသည် Essential Hypertension နှင့် Secondary Hypertension ဟူ၍ရှိပြီး ပထမတစ်မျိုးတွင် သွေးတိုးရခြင်း၏ အဓိကအကြောင်းအရင်းကို တိတိကျကျရှာမရဘဲ ဖြစ်နိုင်ခြေရှိသည့် အချက်အလက်များနှင့်သာ ကောက်ချက်ချနိုင်ကြောင်း သိရသည်။

အကြောင်းအရင်းတစ်ခုခုကြောင့် သွေးတိုးခြင်း (ဥပမာ- ကျောက်ကပ်မကောင်း၍ သွေးတိုးခြင်း) စသည်ဖြင့် အကြောင်းအရင်းတစ်ခုခုကြောင့်တို
းသည့် သွေးတိုးဖြစ်ပါက ဒုတိယအမျိုးအစားဖြစ်သည့် Secondary Hypertension ပင်ဖြစ်ကြောင်း သိရသည်။ “Essential Hypertension က အကြောင်းအရင်းတစ်ခုတည်းကို ပြောလို့မရဘူး။ သူ့မှာ ဘာကြောင့်တိုးရတယ်ဆိုတဲ့ အဓိက အကြောင်းအရင်းမရှိဘူး။ Risk Factor တွေတော့ရှိတယ်” ဟု ဒေါက်တာကျော်မင်းက ပြောသည်။ သွေးတိုးခြင်းဖြစ်စေသည့် Risk Factor (အန္တရာယ်ရှိသော အခြင်းအရာ) များမှာ မျိုးရိုးဗီဇနှင့်ဆိုင်ခြင်း၊ အ၀လွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ဆေး လိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အစာစားသုံးမှုမမှန်ကန်ခြင်း စသည့်အချက်များပါဝင်ကြောင်း သိရသည်။ ပုံမှန်အားဖြင့် ယခင်က သွေးတိုးခြင်းသည် အသက်လေးဆယ်ကျော်၊ ငါးဆယ်ပတ်ဝန်းကျင် အ ရွယ်ရောက်မှသာ သွေးတိုးရောဂါဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ အသက်ကြီးလာပါက သွေးကြောများ မာတောင့်လာပြီး သွေးတိုးခြင်းဖြစ်သည်ဟု သိရသည်။ သို့သော် ပညာရှင်များသည် သွေးကြောများ မာတောင့်လာ၍ သွေးတိုးခြင်းလော၊ သွေးတိုး၍ သွေးကြောများ မာတောင့်လာခြင်းလောဆိုသည်ကို ခွဲခြားမရနိုင်သေးကြောင်း သိရသည်။ လူငယ်များတွင် အနေအထိုင် အစားအသောက်ပုံစံများ မမှန်ကန်ခြင်း၊ လှုပ်ရှားမှုနည်းပါးခြင်းတို့ကြောင့် သွေးတိုးခြင်းဖြစ်နိုင်သကဲ့သို့ အထက်ပါ အန္တရာယ်ရှိစေသော အကြောင်းအရင်းများကြောင့်လည်း သွေးတိုးခြင်းများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ လူတစ်ဦး၏ ပုံမှန်သွေးပေါင်ချိန်ပမာဏမှာ အောက်သွေး ၉၀ အောက်နှင့် အပေါ်သွေး ၁၄၀ အောက်ဖြစ်ကြောင်း သိရသည်။ သို့သော် လူတစ်ဦး၏ ပုံမှန်သွေးပေါင်ချိန် ကွာခြားချက်အပေါ် မူတည်၍လည်း အနည်းငယ်ကွဲ ပြားနိုင်ကြောင်း သိရသည်။ “အရင်က အဲဒီလို တစ်ခါမှ မခံစားရဖူးဘူး။ ဒါပေမဲ့ ဟိုရက်ပိုင်းကျမှ ခေါင်းထဲ မူးနောက်မူးနောက်ဖြစ်နေတာနဲ့ သွေးချိန်ကြည့်တော့ သွေးပေါင်ချိန်က အရင်ကထက် တက်နေတာ တွေ့ရတယ်။ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ မသိဘူး။ ဒီရက်ပိုင်းအတွင်းမှာတော့ အလုပ်နည်းနည်းများတာရှိတယ်” ဟု အသက်သုံးဆယ်ပတ်ဝန်းကျင် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။ လူငယ်များတွင်သာမက လူကြီးများတွင်လည်း သွေးတိုးရောဂါမဖြစ်ပွားစေရန် နေထိုင်စားသောက်မှုပုံစံအား ဂရုစိုက်ရန်လိုအပ်ပြီး၊ ကိုယ်လက်လှုပ်ရှားမှုများလည်း ပုံမှန်လုပ်ဆောင်နေရန် လိုအပ်သကဲ့သို့ စိတ်ဖိစီးမှုများအားလည်း တတ်နိုင်သမျှလျှော့ချရန် လိုအပ်သည်ဟု ပညာရှင်များက အကြံပေးပြောကြားသည်။

No comments:

Post a Comment