ပန်းအလှ

ပန်းအလှ

Thursday, July 29, 2010

ဂျေမီနှင့်အင်တာဗျူး

ဘ၀ရဲ့နိဗ္ဗာန်ဆိုတဲ့ ဒုတိယ တစ်ကိုယ်တော်စီးရီးကို ဒီနှစ်ပွင့်လင်းရာသီလောက်မှာ ဖြန့်ချိဖို့မှန်းထားတဲ့ ဟစ်ဟော့ပ် အဆိုတော်ဂျေမီနဲ့ ဒီတစ်ပတ်အင်တာဗျူးကဏ္ဍကို တင်ဆက်ဖြစ်ပါတယ်။ ဂျေမီဟာ အသက်အရွယ် ငယ်ရွယ်သော်လည်း သူ့ရဲ့ ဟစ်ဟော့ပ်ဂီတနယ်ပယ်မှာတော့ လူငယ်တွေအပေါ် အထိုက်အလျောက် လွှမ်းမိုးသြဇာရှိတဲ့သူတစ်ဦးဖြစ်ပြီး ဟစ်ဟော့ပ်သမားအချင်းချင်းရဲ့ လေးစားအားကျမှုကိုလည်း ရရှိထားသူတစ်ဦးပါ။ သူ့ရဲ့ ပွင့်လင်းလွတ်လပ်တဲ့ စကားများကို ခံစားကြည့်ကြပါဦး။

“ဘ၀ရဲ့နိဗ္ဗာန်”အခွေ ဘယ်လပိုင်းလောက် ထွက်မလဲ။

စက်တင်ဘာလကုန် သို့မဟုတ် အောက်တိုဘာလောက် ဖြစ်မယ်ထင်တယ်။ အခွေထွက်မှာက သေချာတယ်။ ထွက်မယ့်ရက်ကို ကျွန်တော်အမြဲတမ်း နောက်ပြန်ဆုတ်တတ်တယ်။ တခြားထွက်မယ့်ခွေနဲ့ တိုက်တတ်တာမျိုးတွေရှိရင် တစ်ယောက်နဲ့တစ်ယောက် ရှောင်တာကောင်းတယ်။

သီချင်းဖန်တီးတဲ့နေရာမှာ အချစ်တို့၊ တစ်ကိုယ်ရည် ခံစားချက်တို့အပြင် ဒီ့ထက်ပိုကျယ်ပြန်တဲ့ အကြောင်းအရာလေးတွေကို ရေးဖို့ရှိလား။

လူမှုရေးတို့၊ စီးပွားရေးတို့ ကျွန်တော် အမြဲတမ်းရေးပါတယ်။ ဂီတကလည်း စီးပွားရေးပဲလေ။ ခိုးကူးကြောင့်သာ အခွေတွေ မထုတ်နိုင်ကြတော့ ရှိုးပွဲက စီးပွားရေးလို ဖြစ်သွားတာပေါ့။ လူတွေမေ့နေကြတာက ရေတွေ၊ တိမ်တွေ၊ မြစ်တွေ၊ ချိုင့်ဝှမ်းတွေ၊ တောင်တန်းတွေအကြောင်းတွေ မေ့နေကြတာ။ အဲဒီအကြောင်းတွေကို ဘယ်သူကမှ ထည့်ရေးဖို့ မစဉ်းစားကြဘူး။ ဘ၀ရဲ့နိဗ္ဗာန်မှာ အဲဒီအကြောင်းတွေ ပါပါတယ်။

အမ်မီနမ်အခွေသစ်ကို နားထောင်ပြီး ဘယ်လိုခံစားမိပါသလဲ။

အရမ်းမိုက်တယ်။ သူ့ဘ၀မှာ သူနောက်ပိုင်း ပိုပိုပြီး လူကြီးဆန်လာတဲ့ အကြောင်းတွေ၊ ယောက်ျားကောင်းတစ်ယောက် ဖြစ်လာတဲ့အကြောင်းတွေ သူရေးလာတယ်။ သူကလည်း အရင်ကတည်းက ကျွန်တော်တို့ရဲ့ ဟီးရိုးပါပဲ။ ပွင့်ပွင့်လင်းလင်း သူ့စိတ်ထဲမှာ ဘောင်ခတ်မထားဘဲနဲ့ သူလုပ်ချင်တာကို သူလုပ်နိုင်တယ်။ ကိုယ်တိုင်ကရော အသက်အရွယ်အလိုက် သီချင်းရေးတဲ့ ခံစားချက်တွေ ပြောင်းလဲသွားလား။ ယောက်ျားတစ်ယောက်ကတော့ အမြဲတမ်း ပြောင်းလဲနေမှာပဲ။ တစ်နှစ်နဲ့တစ်နှစ်၊ တစ်လနဲ့တစ်လ ခေါင်းထဲက စဉ်းစားပုံ စဉ်းစားနည်းနဲ့ စားတဲ့အစားအသောက်က တူချင်မှတူမှာ။ ကျွန်တော်က ပုံမှန်ဖွဲ့စည်းပုံနဲ့ မသွားဘူး။ “ကိုယ့်ဘ၀နဲ့ကိုယ်”နဲ့ “ဘ၀ရဲ့နိဗ္ဗာန်”က ဘာမှမဆိုင်ဘူးလို့ ထင်တယ်။ ကျွန်တော့်ရဲ့လုပ်ရည်ကိုင်ရည်ကို ဘယ်လိုအသိအမှတ်ပြုမလဲ၊ ရှုတ်ချမလဲ၊ ကဲ့ရဲ့မလဲ၊ ဝေဖန်မလဲ၊ ဘယ်လိုလေးစားမှုရမလဲဆိုတာ အခွေထွက်ရင်တော့ သိရမယ်။

ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်တဲ့ အချိန်တွေမှာ စိတ်ကို ဘယ်လိုပြန်ပြီး တည်ဆောက်လဲ။

အားမလိုအားမရ ဖြစ်တာက တစ်သက်လုံးပဲ။ ကျွန်တော့်မှာ တစ်ခါတလေကျရင် စဉ်းစားတာက ရောက်တဲ့နေရာကနေ မဆိုင်တဲ့နေရာတွေကို ရောက်ရောက်သွားတယ်။ အဲဒါ ကျွန်တော့်ရဲ့ မကောင်းတဲ့ အကျင့်တစ်ခုပဲ။ လုံးဝအမိုက်စား သီချင်းမျိုးရေးချင်တာ။ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ မြင်တဲ့အတိုင်း၊ ကြားတဲ့အတိုင်း ရာနှုန်းပြည့် မကောင်းလိုက်နိုင်ဘူး။ မြန်မာစကားလုံးက သီချင်းရေးရတာ အရမ်းခက်တဲ့အထဲမှာ ပါတယ်။ အထူးသဖြင့် ဟစ်ပ်ဟော့ပ်သမားတွေ ပိုသိကြလိမ့်မယ်။ အဲဒီအတွက် စာများများ ဖတ်ဖို့လိုတယ်။ စာကိုနေ့တိုင်းဖတ်နေပေမယ့် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အားမရဘူး။ ဥပမာ စိုင်းစိုင်းခမ်းလှိုင်ဆို ကျွန်တော်သဘောကျတဲ့ အချက်တွေရှိတယ်။ သူ့မှာသူများနဲ့ မတူတဲ့အချက်လေးတွေ ရှိုးကျရင် ထွက်ထွက်လာတယ်။ ရှိုးထိန်းနည်းလေးတွေ မိုက်တယ်။ ရက်ပ်ပါတစ်ယောက်မှာ ရှိုးထိန်းနည်းက အတော်ဆုံး ဖြစ်နေရမယ်။

ကိုယ်ဖန်တီးခဲ့တဲ့ သီချင်းတွေမှာ နောင်တရခဲ့တာမျိုးရှိလား။

ရှိတယ်။ သီချင်းမရှိလို့ အမြန်ထုတ်လိုက်ရတာမျိုးတွေဆို ပေါက်လည်းမပေါက်ဘူး။ အဲဒါကောင်းတယ်။ မကောင်းဘဲနဲ့ ပေါက်နေရင်အလကား။ ကိုယ့်ကိုယ်ကိုယ်လည်း အားမလိုအားမရ ဖြစ်ဦးမယ်။အင်တာနေရှင်နယ်တန်းဝင်တဲ့ အဆိုတော်ဆိုတာကို ဘယ်လိုလက်ခံထားလဲ။

အင်တာနေရှင်နယ်တန်းဝင်တဲ့ အဆိုတော်တွေ ကျွန်တော်တို့ဆီမှာ အများကြီးပဲ။ အင်တာနေရှင်နယ် မဖြစ်တာပဲရှိတယ်။ ကျွန်တော်တို့နိုင်ငံက တခြားနိုင်ငံမှာ ဖြန့်ချိဖို့အခွင့်အရေး မရှိဘူး။ ကျွန်တော်တို့နိုင်ငံကို တခြားက လိုလိုလားလားနဲ့ ဥပမာ ဆိုနီက လာကမ်းလှမ်းရင်တောင် ကျွန်တော်တို့ဆီမှာ ဆိုနီဓာတ်ပြားတိုက် Boothမှ မရှိတာ။ ဒါပေမဲ့ ဘယ်သူက ဘယ်လိုကောင်းတယ်ဆိုတာ နိုင်ငံခြားလူတွေ သိနေတာပဲ။ နိုင်ငံတကာကို ၀င်နိုင်ဖို့ဆိုတာ နိုင်ငံတကာက သိဖို့လိုတယ်။

တော်တော်များများ ပြောကြတဲ့ ဟစ်ပ်ဟော့ပ်ဂျန်နရေးရှင်းဆိုတာကို အစ်ကို ငြင်းချက်ထုတ်ချင်လား။

ကျွန်တော်တို့ကိုယ် ကျွန်တော်တိှုှ့ Second ဂျန်နရေးရှင်းလို့ပဲ ပြောတယ်။ ဒါပေမဲ့ မင်းတို့က Third ဂျန်နရေးရှင်းလို့ မပြောဘူး။ ဒီကြားထဲမှာ အချင်းချင်း စကားရှုပ်ပြီး ရန်တိုက်ပေးတဲ့သူကို ကျွန်တော်ကိုယ်တိုင် ဂျန်နရေးရှင်းကိစ္စကို အားလုံးရှေ့မှာ ပေါ်တင်မေးလိုက်တော့မှ လျော်သွားရော။

ရှိုးပွဲတွေဖြတ်သန်းခဲ့တာများပြီ ဆိုတော့ ရှိုးပွဲ Conceptတွေက ဘယ်လိုပြောင်းလဲသွားလဲ။

အများကြီး ပြောင်းလဲသွားတယ်။ အားပေးပုံအားပေးနည်းကတော့ မပြောင်းဘူး။ ကျွန်တော်ဆိုတာ မကောင်းရင်တော့ ပရိသတ်အားပေးမှုကလည်း အားရစရာကောင်းမှာ မဟုတ်ဘူး။ အဲဒီလိုရှိုးမျိုး တစ်ခုနှစ်ခုလောက် ကြုံဖူးတယ်။ ကျွန်တော် ချက်ချင်းပြင်တယ်။ ရှိုးတွေက လူပိုများလာတယ်။ စဆိုတဲ့အချိန်တုန်းက ပရိသတ်နည်းတယ်။ ဒါပေမဲ့ တစ်ဝက်လောက်ကတော့ လုံးဝအမာခံပဲ။ နှစ်တွေ ပိုကြာလာလေ လူပိုများလာတယ်။ အဖွဲ့သစ်တွေပိုများလာတယ်။ တရားပိုမျှတလာတယ်။ အရင်တုန်းက ကျွန်တော့်နာမည်ချည်းပဲ အော်နေကြတဲ့အတွက် တခြားအဖွဲ့ငယ်လေးတွေက မကျေနပ်ကြဘူး။ ကျွန်တော်ဆိုရင်လည်းဖြစ်မိမှာပဲ။ ခုလို ပရိသတ်က အကုန်လုံးကိုမျှပြီး အားပေးလာတာ ပျော်ဖို့ကောင်းတယ်။

ခေတ်ပြောင်းလဲတာနဲ့အမျှ ယဉ်ကျေးမှုစံတွေနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာဖြစ်လာတဲ့ အချက်တွေကို ဘယ်လို မြင်မိပါသလဲ။ အထူးသဖြင့် ၀တ်စားဆင်ယင်မှုအပိုင်းကိုပေါ့။

မိန်းကလေးတွေ သူတို့ခန္ဓာကိုယ်နဲ့သူတို့ လိုက်လို့ ကြိုက်သလိုဝတ်တာ ကျွန်တော်ကတော ကြိုက်တယ်။သူများကို ငရဲကြီးအောင် စွမ်းဆောင်နိုင်တဲ့၊ မြှူဆွယ်ဖြားယောင်းတဲ့ အ၀တ်အစားမဟုတ်ရင်ပြီးရော။

အပြောင်းအလဲ အမြဲဖြစ်နေတဲ့ ဂျေမီက ဘ၀အတွက် ဘာအပြောင်းအလဲတွေ ထပ်ဖြစ်စေချင်လဲ။ စီးပွားရေးအနေနဲ့ရောဘာလုပ်ချင်လဲ။

ကျောင်းပြန်တက်ချင်တယ်။ ကျွန်တော်ကျေနပ်တဲ့ အနေအထားရောက်ရင် တစ်ခုခု ထပ်လုပ်ဖြစ်မယ်။ ခုခေတ်မှာ ဘယ်သူမဆို ပိုက်ဆံစုနေကြတာပဲ။ ကျွန်တော်ဆို ကြာပြီစုနေတာ။ ၂၀၀၆လောက်ကတည်းက တစ်စုံတစ်ဦးက ပိုက်ဆံစုဖို့ တိုက်တွန်းခဲ့ဖူးတယ်။ ဦးကျော်ဟိန်းလည်း ပြောဖူးတယ်။ စီးပွားရေးကတော့ ခေါက်ဆွဲဆိုင်ဖွင့်ချင်တယ်။

No comments:

Post a Comment