ပန်းအလှ

ပန်းအလှ

Thursday, July 29, 2010

မိုးဟေကိုနှင့်အင်တာဗျူး

မော်ဒယ်လ်ခေတ်ဦးပိုင်းကတည်းက အနုပညာလောကသို့ ခြေချခဲ့ပြီး ကာလအတော်ကြာပြီးနောက်မှ တစ်ဖန်ပြန်လည်လှုပ်ရှားလာပြီး ယနေ့တွင် ထိပ်တန်းမင်းသမီး စာရင်းဝင်နေပြီဖြစ်သူမှာ မိုးဟေကိုပင် ဖြစ်သည်။ အနုပညာအလုပ်တစ်ဖက်နှင့် ဖက်ရှင်ဆိုင်ဖွင့်လှစ်ကာ စီးပွားရေး ခြေလှမ်းစိပ်လာသူ မိုးဟေကိုနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

ဒီနှစ်ထဲမှာ ရုပ်ရှင်ကားတွေ ဆက်တ်တိုက်ရိုက်ရတော့ တစ်ကားနဲ့ တစ်က်ကားမှာ ယုံကြည်မှုတွေ ဘယ်လောက်ထိတိတိုးတက်လာလဲ။

တစ်ကားနဲ့တစ်ကား ယုံကြည်မှုကတော့ မတူတော့ဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကတော့ အရင်တည်းကရှိတယ်။ကိုယ်မလုပ်နိုင်တဲ့ အလုပ်တစ်ခုကို မလုပ်ဘူး။ ကိုယ်ကိုယ်တိုင်လုပ်နိုင်တယ်ထင်မှ၊ ယုံကြည်မှုရှိမှပဲ လက်ခံဖြစ်တာပါ။

ဇာတ်ကောင်ရွေးချယ်မှုနဲ့ ပတ်သက်ရင် ညီမ ရွေးချယ်တဲ့ဇာတ်ကောင်လေးတွေ ပိုပီပြင်အောင် သရုပ်ဆောင်တတ်တာ တွေ့ရတယ်။ ဘယ်လိုအားထုတ်မှုတွေနဲ့ လုပ်တတ်ပါသလဲ။

ကိုယ်ရွေးတဲ့ဇာတ်ကောင်နဲ့ အနီးစပ်ဆုံး၊ သဘာဝကျအောင်၊ ငါသာအပြင်မှာ တကယ်ဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်ကလေးနဲ့ မိုးဟေကိုဆိုတဲ့ ကောင်မလေးတစ်ယောက်ကို မေ့ထားပြီး နီနီဆိုလည်းနီနီ၊ ဖြူဖြူဆိုလည်း ဖြူဖြူရဲ့စိတ်ကို သွင်းလိုက်တာပေါ့နော်။

ဒရာမာကားတွေမှာ ညီမမျက်ရည်ကျတဲ့ အခန်းတွေဆို ပရိသတ်တွေကပါ လိုက်ပြီးမျောပါသွားကြတယ်လို့ အသံတြွေကားရတယ်။ အထူးသဖြင့် “အချစ်နှင့်ကံ”လို ဇာတ်ကားမျိုးမှာ ညီမရဲ့ အငိုခန်းတွေကို ဘယ်လိုကြိုးစားခဲ့ရလဲ။

အရမ်းပင်ပန်းပါတယ်။ တစ်နေ့လုံး ရှုတင်မှာ မိုးဟေ တကယ်ကိုလည်း ခေါင်းတွေတောင် ကိုက်ရပါတယ်။ မျက်ရည်အစစ်နဲ့ သူတို့ပြောတဲ့ ကာရိုက်တာရဲ့ ဒိုင်ယာလော့ဂ်ထဲမှာ ပါသွားပြီးတော့ စိတ်ကိုတကယ်ခံစားပြီး တကယ်မျက်ရည်ကျရတော့ တကယ်လည်း ပင်ပန်းတယ်။ အဲဒါကြောင့် ပရိသတ်ကလည်း ကိုယ်နဲ့ထပ်တူ အဲဒီဝမ်းနည်းမှုထဲမှာ ပါသွားတယ်လို့ ထင်ပါတယ်။

ပြည်ပခရီးတွေ ခဏခဏထွက်ဖြစ်တော့ အဲဒီ့ခရီးစဉ်တွေကနေ ညီမ ဘယ်လိုအကျိုးအမြတ်တွေ ရဖြစ်ပါသလဲ။

အဓိကက ပတ်ဝန်းကျင်လေ့လာတာထက် ကိုယ်သွားချင်တဲ့ နေရာကိုသွားပြီး ကိုယ်ဝယ်ချင်တာ ကိုယ်ဝယ်လာတာဆိုတော့ သိပ်ပြီးတော့ များများစားစားတောင် မလေ့လာဖြစ်ပါဘူး။

ဖက်ရှင်ဆိုင်အတွက်ရော ဘယ်နိုင်ငံတွေကိုသွားပြီး ဈေးဝယ်လေ့ရှိပါသလဲ။

မိုးဟေအများဆုံး သွားဖြစ်တာက ဘန်ကောက်နဲ့ စင်ကာပူပါပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က စင်ကာပူသွားခဲ့တယ်။

မင်းသမီးတစ်ယောက်မှာ ဘယ်အချက်က အရေးအကြီးဆုံးလို့ ညီမရဲ့ အတွေ့အကြုံအရ ထင်မြင်မိပါသလဲ။

အဲဒါ မိုးဟေသိပ်မပြောတတ်ပါဘူးရှင့်။

စီးပွားရေးတစ်ဖက်က လုပ်နေတော့ ကြုလာရတဲ့ စီးပွားရေးဆိုင်ရာ အခက်အခဲတွေကိုရော ညီမဘယ်လိုဖြေရှင်းတတ်ပါသလဲ။

အမှန်အတိုင်းပြောရရင် ဒီသရုပ်ဆောင်အလုပ်ကျတော့ ကိုယ်ကိုယ်တိုင်လုပ်မှရတာ။ ကိုယ်မပါရင် မဖြစ်ဘူးလေ။ စီးပွားရေးကျတော့ ကိုယ်လုပ်ချင်တာကို အိမ်ကိုပြောပြတယ်။ ကိုယ်ပြောလိုက်ရင် ဦးဆောင်ပေးမယ့်သူ၊ လုပ်ပေးမယ့်သူလည်းရှိတယ်။ မိုးဟေလုပ်ချင်တာကို အိမ်ကပါရမီဖြည့်ပေးပြီး ၀ိုင်းလုပ်ပေးကြပါတယ်။

ဖက်ရှင်ဆိုင်က ညီမအတွက်ဘယ်လောက်အထိ ကျေနပ်ဖို့ကောင်းတဲ့ အခြေအနေ ရောနေပြီလဲ။ စီးပွားရေးလုပ်တာကျတော့ မိုးဟေအကြိုက်ဆိုတာထက် အများအကြိုက်ကို စဉ်းစားပြီး လုပ်ရတာပေါ့။ အများလိုက်ဝတ်လို့ရမယ့်၊ အများဝတ်နိုင်မယ့် အရာမျိုးလေးတွေကို တင်တယ်။ ကိုယ့်အလုပ်ကိုတော့ ကျေနပ်မှုရှိပါတယ်။

ဇာတ်ရွေးတဲ့အခါ ဘယ်အချက်တွေကို အဓိကထားပြီး ရွေးဖြစ်ပါသလဲ။

တစ်ကားလုံး ဇာတ်ကောင်းတာကိုကြည့်တယ်။ နောက် ကိုယ်ပါဝင်ရမယ့် အခန်းကိုကြည့်ပြီး ရွေးတယ်။

ဇာတ်ကားတွေမှာ အပြိုင်မင်းသမီးတွေများရင် အဆင်မပြေမှုလေးတွေ ဖြစ်တတ်တာကို ညီမအနေနဲ့ ဘယ်လ်လိုဖြေရှင်းတတ်ပါသလဲ။

မိုးဟေ နဂိုတည်းက အိမ်မှာလည်း အေးအေးဆေးဆေးပဲ။ အလုပ်မှာလည်း ကိုယ်လုပ်ရမယ့်အခန်းပြီးရင် ကိုယ့်ဟာကိုယ် အခန်းထဲမှာနေတယ်။ ဒါမှမဟုတ် အိပ်ပစ်တာများတယ်။(ရယ်လျက်) အဲဒီတော့ စိတ်ထဲမှာ ဘာမှမရှိတော့ဘူး ဖြစ်သွားတယ်။

အောင်မြင်တဲ့ လူတစ်ယောက်အတွက် စိတ်ဖိစီးမှုများတဲ့အခါ ညီမ ဘယ်လ်လိုဖြေဖျောက်တတ်ပါသလဲ။

ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် တရားနဲ့ဖြေတယ်။ အိပ်ပစ်တယ်။ စိတ်ထဲမှာကို မထည့်ထားဘူး။ ပင်ပန်းလို့။ ပေါ့ပေါ့ပါးပါးပဲ။ ခပ်ပေါ့ပေါ့နေတာ မဟုတ်ဘူး။ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးလေးပဲနေပြီး ဖြေရှင်းတတ်တယ်။ အလေးထားပြီး အကြီးကြီးတွေးတယ်ဆိုရင် အပ်ကလေးလောက်ကနေ အကြီးကြီးဖြစ်သွားနိုင်တယ်။ ဒါကြောင့် တတ်နိုင်သမျှ ကိုယ့်ဘက်က ချုံ့ပြီးတွေးတယ်။ ပုံကြီးသိပ်မချဲ့တတ်ဘူး။

ညီမသရုပ်ဆောင်ထားတဲ့ အနုပညာတစ်ခုကို ပြည်ပတိုင်းပြည်တစ်ခုမှာ ချပြခွင့်ရတဲ့အပေါ် ခံစားချက်လေးသိချင်ပါတယ်။(ပုံပြင်ဟောင်းကားကိုအမေရိကားရှိ မြန်မာရုပ်ရှင်ပွဲတော်တွင် ပြသမည်ဟု သိရသည်)

ဝမ်းသာပါတယ်။ စပြီးပြောလာကတည်းက သူ့ရဲ့ရည်ရွယ်ချက်လေးက တော်တော်ကောင်းတာကြောင့် လက်ခံပြီး ရိုက်ကူးဖြစ်ခဲ့တာပါ။ ဟိုမှာရှိတဲ့သူတွေကလည်း ကိုယ့်အနုပညာကို ကြည့်ခွင့်ရသလို ကိုယ့်ကိုအသိ အမှတ်ပြုကြတဲ့အတွက် ကျေနပ်မိပါတယ်။ ပီတိဖြစ်ပါတယ်။

သီချင်းဆိုတဲ့ဘက်ကို ပရိသိသတ်အားပေးမှု ရှိရဲ့သားနဲ့ ဘာကြောင့် ဆက်မလုပ်ဖြစ်တော့တာလဲ။

သရုပ်ဆောင်ဘက်ကို ဦးစားပေးသလို ဖြစ်သွားတယ်။ ဒါပေမဲ့ အဆိုဘက်ကိုလည်း အချိန်ပြန်ပေးဖြစ်မှာပါ။ လာတော့လာမယ်။ လာမယ်ကြာမယ်ပေါ့နော်။

အောင်မြင်မှုရဖို့ ခက်သလို အဲဒီအောင်မြင်မှုကို ထိန်းသိမ်းဖို့ ခက်တယ်လေ။ ညီမရဲ့ အောင်မြင်မှုကို ဘယ်လိုအချက်တွေနဲ့ ဆက်ပြီးထိန်းသိမ်းထားမှာလဲ။

အဓိက အားထုတ်မှုကတော့ ကြိုးစားမှုလို့ပဲထင်တယ်။ အရင်တုန်းကလည်း အရမ်းကြိုးစားခဲ့သလို ကိုယ့်ကိုစောင့်ကြည့်နေတဲ့ အချိန်မှာလည်း ကြိုးစားနေရမှာပေါ့။ ဘယ်အရာမဆို လျှော့မလုပ်သင့်သလို အများကြီးတိုးပြီး လုပ်စရာလည်း မလိုဘူးပေါ့။ ကိုယ်လုပ်နေကျအတိုင်းလေးကိုပဲ ၀ိရိယရော ကံရော၊ စန်းရော၊ ဘုရားတရားရော အများကြီးပေါ့ အစ်မရယ်။ တစ်ခုတည်းတော့ မပြီးဘူးပေါ့။ ထိန်းသိမ်းဖို့ဆိုတာလေ။

ဒီနေ့ရပ်တည်နေရတဲ့ ဘဝလေးကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရင် ကျေနပ်မိပါသလား။

ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်ဘ၀လေးကို ကိုယ်ကျေနပ်တယ်။ ကြည်လည်းကြည်နူးတယ်။ ငယ်ငယ်တုန်းက အချိန်တွေပဲဖြစ်ဖြစ်၊ အခုရောက်နေတဲ့ အချိန်ပဲဖြစ်ဖြစ် ကျေနပ်မှုအပြည့်ရှိပါတယ်။

မိုးမွေးနေ့အတွက် ဒီလဆန်းလောက် အလှူအတန်းတစ်ခုခုလုပ်ဖြစ်မယ်လို့ ကြားမိတယ်။ ဘာများလုပ်ဖြစ်ပါမလဲ။

ဒီလထဲမှာ ကိုပြေတီဦး၊ ဦးကျော်ရဲအောင်နဲ့ ဗီဒီယို ၂ကားပေးထားတယ်။ နောက်ပြီး ကြော်ငြာ၃ခုကလည်း လက်ခံထားတယ်။ “ငါမင်းကို ” ကားကြီးကို ၁၈ရက်ပေးထားတယ်။ မွေးနေ့လဆို အလုပ်အရမ်းများပြီး ရက်ကျပ်တာ ကြုံရတယ်။ ထူးထူးခြားခြား ဒီနှစ်က အလုပ်ပိုများတယ်။ ထုံးစံအတိုင်း ပြီးခဲ့တဲ့နှစ်ကလို ဘုန်းကြီးဆွမ်းကပ်ပြီး ကလေးတွေကို စတုဒိသာကျွေးမယ်လို့ စီစဉ်ထားပါတယ်။ မွေးနေ့မှလှူတာမဟုတ်ပါဘူး။ ကိုယ်နိုင်ရင်နိုင်သလောက် ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အတိုင်း လှူတာများပါတယ်။ တစ်ခါတလေ စာနယ်ဇင်းတွေကိုတောင် အသိမပေးဖြစ်ဘဲ လုပ်လိုက်တာလေးတောင် ရှိပါတယ်။

ညီမက ချစ်သူနဲ့ အကြာကြီးလက်တွဲနိုင်အောင် အချင်းချင်း ဘယ်လိုနားလည်မှုနဲ့ တည်ဆောက်ထားကြလဲ။

နားလည်မှုရှိတော့ပိုကောင်းတာပေါ့။ နားလည်မှုကိုရထားတဲ့ မိုးဟေဘ၀က ပိုပြီးပြည့်စုံတယ်လို့ ပြောရမှာပေါ့။ အလုပ်လုပ်တဲ့ နေရာမှာလည်း စိတ်အနှောင့်အယှက် ဖြစ်စရာမလိုသလို စနိုးစနောင့်ဖြစ်ဖို့လည်း မလိုဘူး။ လိုအပ်မှုဆိုတာလည်း မဖြစ်တဲ့အပြင် သူနားလည်ပေးတာကြောင့် အလုပ်ထဲမှာ ကိုယ်က အချိန်ပြည့် စိတ်နှစ်ထားနိုင်တယ်။ စီးပွားရေးကျတော့လည်း မိဘနဲ့ မောင်နှမတွေက ၀ိုင်းကူကြတော့ မိုးဟေဘ၀က ကျေနပ်စရာလေးပါ။

ဘယ်တော့လောက် ချစ်သူနဲ့ လက်ထပ်ဖြစ်မလဲ။

ဒါကတော့ ကံတရားပေါ် မူတည်တာပေါ့။ ဘယ်အရာကိုမှ ကိုယ်ကအပိုင်ကြီး ပြောလို့မရဘူးလေ။ ကံတရားနဲ့ ဘုရားက ဘယ်လိုဖန်တီးပေးမလဲဆိုတာ ကိုယ်ကြိုမမြင်ရဘူးလေ။

No comments:

Post a Comment